VPN ဆိုတာဘာလဲ၊ ဘာဖြစ်လို့သုံးဖို့လိုတာလဲ***
VPN ဆိုတာ Virtual Private Network ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ သူရဲ့အလုပ်လုပ်ပုံက VPN ချိတ်ဆက်ထားတဲ့ စက်ကနေထွက်လာတဲ့ internet traffic တွေကို ရှာဖွေကြည့်ရှုတဲ့ အင်တာနက် website၊ app ဆီကို တိုက်ရိုက်မထွက်စေဘဲ VPN server တွေကတစ်ဆင့် ဖြတ်ပြီး ထွက်စေတာပါ။ အဲ့ဒီလို ထွက်တာကလည်း encrypt (ဝှက်) လုပ်ထားတဲ့ tunnel ကနေတစ်ဆင့် ထွက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာမှ VPN server ကနေ တစ်ဆင့် သွားရမယ့် website၊ app တွေဆီကို ဆက်ထွက်ပါတယ်။ ဆိုလိုတာက မိမိအသုံးပြုတဲ့ internet traffic မှန်သမျှဟာ အင်တာနက်ပေါ်မှာ မည်သည့်နေရာကိုမှ တိုက်ရိုက်မသွားပဲ VPN server ကို ဖြတ်ပြီးပဲ အမြဲသွားပါတယ်။ သွားတာကလည်း encrypted tunnel ကတစ်ဆင့်သွားတာပါ။ အဲ့ဒီအတိုင်းပဲ မိမိရှာဖွေကြည့်ရှုလိုက်တဲ့ အချက်အလက်မှန်သမျှဟာလည်း VPN server ကို ဖြတ်သန်းပြီးမှ မိမိ device မှာဆီကို encrypted tunnel ကနေတစ်ဆင့် ပြန်လည်ပေးပို့တာဖြစ်ပါတယ်။
အဲ့ဒီတော့ ဘာထူးသလဲဆိုရင် ကျွန်တော်တို့ အသုံးပြုသမျှ အင်တာနက်ပေါ်က ဒေတာစီးဆင်းမှု မှန်သမျှဟာ အင်တာနက်ပေါ်မှာ open ဖြစ်မနေတော့ပါဘူး။ အားလုံးဟာ encrypted (ဝှက်ထား) ဖြစ်နေပါတယ်။ နောက်ပြီး ဒေတာစီးဆင်းမှုမှန်သမျှဟာ အမြဲတမ်း VPN ဆာဗာကနေ တစ်ဆင့်ဖြတ်ပြီးပဲ သွားပါတယ်။ အဲ့ဒီတော့ မိမိရဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်းကို Internet Service ပေးထားတဲ့ ကုမ္ပဏီတွေသာမက အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ စောင့်ကြည့်လို့မရတော့ပါဘူး။ စောင့်ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့စက်နဲ့ VPN server ကြားမှာသွားနေတဲ့ ဒေတာစီးဆင်မှုကိုပဲ မြင်ရမှာဖြစ်ပြီး အဲ့ဒါကလည်း encrypted (ဝှက်) လုပ်ထားတဲ့ ပုံစံနဲ့ပါ။
နောက်တစ်ချက်ကောင်းတာက အချို့နိုင်ငံတွေမှာ cyber censorship (အင်တာနက်ပိတ်ဆို့မှု) ပြုလုပ်ခံထားရတဲ့ website တွေ၊ app တွေကို ပုံမှန်အတိုင်း အသုံးပြုလို့ရနိုင်သွားမှာဖြစ်ပါတယ်။ ဉပမာဗျာ- ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဆိုပါစို့။ သူတို့နိုင်ငံတွင်းမှာ Facebook ပေးမသုံးဘူးပေါ့။ အဲ့ဒါဆိုရင် အဲ့ဒီနိုင်ငံကလူတွေဟာ VPN သုံးပြီး Facebook ပေါ်ကိုတက်လို့ရပါတယ်။ သူတို့ပိတ်ဆို့သူတွေဘက်ကလည်း Facebook ကို တိုက်ရိုက်သွားတဲ့ internet traffic ကို စောင့်ကြည့်လို့ ပိတ်ဆို့လို့ရပေမယ့်၊ Facebook ကို တိုက်ရိုက်မသွားတဲ့ VPN server ကနေ တစ်ဆင့်သွားတဲ့ internet traffic ကိုကျ ပိတ်ဆို့ဖို့ မဖြစ်နိုင်ပါ။ VPN server ကနေ တစ်ဆင့်ဖြတ်ပြီး Facebook ကို သွားမှန်းတောင် သိနိုင်မှာမဟုတ်ပါ။ သူတို့မြင်နိုင်တာက အသုံးပြုသူရဲ့စက်နဲ VPN server ကြားက ဒေတာစီးဆင်းမှုကိုပဲမြင်ရမှာပါ။ နောက်ပြီး အဲ့ဒါကလည်း encrypted လုပ်ထားလို့ ဘာဒေတာတွေ စီးဆင်နေမှန်း ဘယ်လိုမှ မသိနိုင်တော့ပါ။
နောက်ထပ်ကောင်းတာတစ်ခုက အချို့နိုင်ငံတွေက အချို့သော service တွေကို သူတို့နိုင်ငံတွင်းကသူတွေကိုပဲ ပေးသုံးတယ်ဗျာ။ ကျွန်တော်တို့က သူတို့နိုင်ငံက မဟုတ်တော့ သူတို့ website ကို သွားလို့ရခဲ့ရင်တောင် သူတို့ ပေးထားတဲ့ service ကို သုံးလို့မရဘူးဗျာ။ သူတို့နိုင်ငံက IP Address နဲ့ အသုံးပြုတာ မဟုတ်ခဲ့ရင် service တွေကို ပေးမသုံးဘဲ ပိတ်ထားတယ်ဗျာ။ အဲ့ဒါမျိုးကျရင်လည်း ကျွန်တော်တို့က VPN ကို သုံးပြီး သူတို့နိုင်ငံတွင်းမှာရှိနေတဲ့ အသုံးပြုသူလို့ ထင်ရအောင် ဖန်တီးယူလို့ ရတယ်ဗျာ။ ဉပမာ နာမည်ကြီး movie streaming service ဖြစ်တဲ့ Netflix ထားပါတော့။ သူက တစ်ကမ္ဘာလုံးကို service ပေးတာဆိုပေမယ့် နိုင်ငံအလိုက် ကြည့်လို့ရတဲ့ ရုပ်ရှင်ကားအရေအတွက်ချင်း မတူဘူးခင်ဗျာ။ US နိုင်ငံထဲမှာပြတဲ့ Netflix မှာဆို movies အစုံဆုံးပဲဗျာ။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလို exclusive ဖြစ်တဲ့ လူတစ်စုကိုပဲ သီးသန့်ပေးထားတဲ့ service တွေကို သုံးချင်တဲ့အခါမျိုးမှာလည်း VPN ကို သုံးရပါတယ်။ VPN ကိုဖွင့်မယ်ဗျာ၊ ပြီးတော့ US server တစ်လုံးကိုလှမ်းပြီး connect လုပ်လိုက်မယ်။ အဲ့ဒါဆို ကျွန်တော်တို့ IP Address က အင်တာနက်ပေါ်မှာ US IP နဲ့တက်သွားမှာ။ Netflix ကို သွားပြီး ရုပ်ရှင်ကြည့်တော့လည်း ကျွန်တော်တို့ကို US နိုင်ငံတွင်းက ကြည့်နေတယ်ပဲထင်ပြီး US Netflix မှာပြထားသမျှ ရုပ်ရှင်တွေအားလုံးကို ပြပေးရောဗျာ။
စာလဲရှည်သွားပြီ။ နိဂုံးချုပ်ပြောရရင် VPN သုံးလို့ ဘာကောင်းကျိုးရှိသလဲဆိုရင် နံပါတ်-၁၊ မိမိရဲ့ အင်တာနက်အသုံးပြုမှု ဒေတာစီးဆင်းမှုကို အင်တာနက်ချပေးထားသည့် ကုမ္ပဏီအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကမျှ စောင့်ကြည့်လို့၊ spy လုပ်လို့မရဘူး၊ ဒေတာတွေကို ခိုးယူလို့မရဘူး။ အပြည့်အဝလုံခြုံမှုရှိမယ်ဗျာ။ နံပါတ်-၂၊ ပိတ်ဆို့ခံထားရတဲ့ website တွေ၊ app တွေကို အတားအဆီးမရှိ တိုးယိုပေါက် အသုံးပြုနိုင်မယ်၊ ကြည့်ရှုနိုင်မယ်ဗျာ။ နံပါတ်-၃၊ အချို့နိုင်ငံတွေမှာမှ အထူးသီးသန့်ပေးထားတဲ့ service တွေကို မိမိနေထိုင်ရာ နိုင်ငံတွင်းကနေပဲ VPN ကနေတစ်ဆင့် ချိတ်ဆက်အသုံးပြုခွင့်ရသွားမယ်ဗျာ။
မူရင်း === ( Burmese Register - Digital Store ) Facebook Page မှ
ကူးယူဖော်ပြထားချင်းဖြစ်ပါတယ်

0 Comments